8.5.12

ဇာတ်သိမ်းခွင့်



အပိုင်း (၁)
သူမဘဝမှာ အလိုလား အတောင့်တဆုံး ဆုတစ်ခုတောင်းပါဆိုရင် “The End” လို့ ရုပ်ရှင်၊ ပြဇာတ်၊ ဝတ္ထုတွေထဲကလို စာတမ်းထိုးခွင့်ပဲ။ ဘယ်နေရာမဆို အစရှိရင် အဆုံးဆိုတာ ရှိတတ်စမြဲ။ လူတိုင်း သတ္တဝါတိုင်း ဘဝဆိုတာ စပြီး အပြီးတိုင် ပြီးဆုံးခြင်းကို ဦးတည်နေကြပေမဲ့၊ မသေခင် ရှင်သန်နေတဲ့ ကာလလေးမှာ သူမကို သူနဲ့ ပတ်သက်ပြီး အဆုံးသတ်ခွင့်များ ပေးခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲ။
ခုတော့........
အပိုင်း (၂)
ဒီလမ်းလေးထဲ၊ ဒီခုံတန်းလေးထဲ သူမ ရောက်ခဲ့ပြန်ပြီ။ ဒီ ၂နှစ်၊ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် သူထားရစ်ခဲ့တဲ့ ဒီ ၂နှစ် အတွင်းမှာ သူမ လမ်းကြုံလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာပဲ ဖြစ်ဖြစ် ရောက်ခဲ့တဲ့ အရေအတွက်က ဘယ်နှစ်ခါများလဲ သူမ မမှတ်မိတော့ဘူး။
ဒီလမ်းထဲရောက်တိုင်း ရင်မှာ အမြဲ မွမ်းကျပ်ခဲ့ရတယ်။ အမြဲ စိတ်ခံစားမှု ခမ်းခြောက်ခဲ့ရတယ်။ သူမ ငိုခဲ့လွန်းလို့ ခုတော့ မငိုတော့ပါဘူး။ “မောင် ဘယ်ရောက်နေလဲ” လို့ ရေရွတ်တာလဲ ဘယ်နှစ်ကြိမ်လဲ။ သူမ သူ့ကို မုန်းတီးတယ်လို့ အကြိမ်ကြိမ် ရေရွတ်ခဲ့တာလဲ ဘယ်နှစ်ကြိမ်လဲ သူမ မမှတ်မိ။
ခုချိန်ထိ သူ သူမကို ဘာအကြောင်းကြောင့် ပစ်ထားခဲ့မှန်း သူမကိုယ်တိုင်လဲ မသိသလို၊ သူကိုယ်တိုင်ကလဲ စာတစ်စောင်နဲ့ ဖြစ်ဖြစ်၊ သူကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် ဘယ်လို ဆက်သွယ်မှုပုံစံမျိုးနဲ့မှ သူမကို ပြောမသွားခဲ့ဘူး။
ဒါကလဲ အဆန်းတကျယ်တော့လဲ မဟုတ်ပါဘူးလေ။
သူ့ရဲ့ ရင်ထဲ သူမ ဝင်ကြည့်လို့ မရတာ မှတ်မှတ်ရရ လွန်ခဲ့တဲ့ လပေါင်း ၃၀ ကတည်းကပေါ့။ သူခရီးသွားမယ်ဆိုလဲ အရင်လို သူမကို မပြောတော့တာ သူမ သတိထားမိတာပေါ့။ သူ သူမကို အဆက်အသွယ်မဲ့ ပျောက်သွားတိုင်း သူ့အိမ်ကို သွားမေးမှ ခရီးသွားတာ သိရတာလဲ အလီလီ။
နှစ်ပေါင်းများစွာ သူငယ်ချင်း သံယောဇဉ်က အစပြုတည်လာတဲ့ သူနဲ့ သူမ ဆက်ဆံရေးမှာ ချစ်ခင်မှုတင်မကဘူး၊ မြတ်နိုးမှု၊ လေးစားမှုတွေ ရောပြွန်းတည်နေခဲ့တဲ့ ဒီကြိုးဟာ တော်ရုံ မပြတ်ဘူးလို့ သူမ တဖက်သတ်ဆန်တဲ့ အတ္တနဲ့ တွေးလာတာ မောလှပါပြီ။ သူ့ရဲ့ လျစ်လျူရှုမှုတွေကို သူမ ခံနိုင်ရည်အား မရှိတော့ဘူး။
မောင်ရေ... မောင်နဲ့ကျွန်မ ဆက်ဆံရေးက ဘာလဲကွယ်။
အပိုင်း (၃)
မှန်တင်ခုံရှေ့က သူမ သိပ်လှနေတယ်။ ပိုးချိတ် အဝါနဲ့ အစိမ်း ရောယှက် ရက်ထားတဲ့ ထမီနဲ့ အင်္ကျီ အဝါရောင်ကို ဆင်ယင်ထားတဲ့ သူမ သိပ်ကိုလှနေပါတယ်။ သူမ အရင်က သိပ်စိတ်ကူးယဉ်ခဲ့တဲ့ သူမရဲ့ မင်္ဂလာပွဲ ဒီနေ့တော့ ရောက်လာပြီ။ ဒါပေမဲ့ သူမရဲ့ဘဝ လက်တွဲဖော်က သူမ သိပ်လဲချစ်သလို၊ စိတ်ပျက်မှု အလီလီ၊ အပစ်ပယ်ခံဘဝရောက်အောင် လုပ်ခဲ့တဲ့ သူမရဲ့ တစ်ဦးတည်သော ချစ်သူ မောင်တော့ ဟုတ်မနေဘူး ဆိုတဲ့ သိစိတ်က သူမ ရင်ကို ဆို့နင့်စေတယ်။
သူမရဲ့ မတော်လိုက်ရတဲ့ မေမေ၊ သူမကို သမီးလေးလို မြတ်နိုးတဲ့ မောင့်မေမေရဲ့ “သမီး သဒ္ဒါ.. သားကို မေ့လိုက်ပါ သမီးရေ။ သူဟာ သမီးအတွက် အဖော်မွန်ကောင်း မဖြစ်နိုင်ပါဘူးကွယ်” လို့ ပြောတဲ့ စကားသံ သူမကို နာကျင်စေတယ်။ သူမ မိဘ သဘောတူတဲ့ သူနဲ့ လက်ဆက်ပေးတော့မဲ့ အချိန်ကျတော့လဲ သူ့မေမေနဲ့တကွ သူ့မောင်နှမတွေ အကုန်လုံးက သူမကို တိုက်တွန်းခဲ့ကြတယ်။ သူမ နားမလည်နိုင်ဘူး။ သူမ နာကျည်းရမှာလား။ သူမမှာ ခုလို ဖက်တွယ်စရာ၊ အားကိုးစရာ သူမ ချစ်သူဖြစ်တဲ့ မောင်ဆိုတဲ့သူ အဲ့အချိန်မှာ ဘယ်ရောက်နေသလဲ။
အရာရာ ထိန်းချုပ်ရလွန်းလို့ ပေါက်ကွဲချင်တယ်၊ ငိုကြွေးချင်ပေမဲ့ သူမ ဘယ်သူ့ အပေါ် ပေါက်ကွဲရမှာလဲ။ သူမအပေါ် မညှာမတာ၊ ရက်ရက်စက်စက် သစ်စိမ်းချိုးသွားသူကိုလား။
သူမစိတ်ကို မညှာမတာ ဝန်ခံရရင် သူ့ကို မျှော်လင့်နေသေးတယ်၊ သူမ စာချုပ်လက်မှတ်မထိုးခင်အထိ သူ့ကို မျှော်တလင့်လင့် ဖြစ်နေခဲ့တဲ့ သူမရဲ့စိတ် ပျော့ညံ့ချက်ကို သူမ စိတ်ပျက်မိတယ်။
“မောင်.... နင်ဘယ်ဆီမှာ ရောက်နေလဲ ဆိုတာကို ဘယ်သူမှလဲ ငါ့ကို မသိစေချင်ကြဘူး။ နင်ဟာလဲ ငါ့အပေါ် စကတည်းက မချစ်ခဲ့ပဲနဲ့ ဒီလိုမျိုး မလုပ်သွားသင့်ပါဘူးဟာ။”
အပိုင်း (၄)
သူမရဲ့ ဝမ်းကြားတိုက်မှာ ရင်သွေးလေး ရှိနေပြီဆိုတဲ့ သိစိတ်က သူမကို ကြက်သီးမွှေးညှင်းထ ပျော်ရွှင်စေတယ်။ သူမအပေါ်မှာ ချစ်ခင်မြတ်နိုးတဲ့ သူမခင်ပွန်းရဲ့ မျက်နှာမှာလဲ အပြုံးပန်းတွေ ဝေလို့ပေါ့။ သူမပေါ်မှာ အနွံအတာခံ၊ ချစ်ခင်တဲ့ ခင်ပွန်းသည်ပေါ်မှာ သူမလေးစားပြီး အားကိုး မြတ်နိုးပါတယ်။ ခု သူမတို့ ကိုယ်ပွားလေးကို သူမရင်မှာ လွယ်ထားရတော့ ခင်ပွန်းသည် ဂရုစိုက်မှုက အတိုင်းအဆ မရှိတော့ဘူးပေါ့။
သူမပေါ်မှာ မောင်ဟာ ရက်စက်၊ ချိုးနှိမ်ခဲ့ပေမဲ့၊ သူမရဲ့ ဘဝဟာ သူမ ခင်ပွန်းရဲ့ မေတ္တာနဲ့ လန်းဖြာလာခဲ့ရတယ်။
ဒီနေ့ ဆေးရုံမှာ ရက်ချိန်းဖြစ်လို့ သူမလာခဲ့တယ်။ သူမကို စိတ်မချတဲ့ သူမခင်ပွန်းကတော့ အလုပ်မအားလပ်လို့ နောက်က လိုက်လာမယ်ဆိုတဲ့ အကြောင်း သူမကို ပြောထားပေမဲ့ သူမဖာသာ ကားဒရိုင်ဘာ ဦးမောင်ကို အဖော်ခေါ်လို့ လာခဲ့လိုက်တယ်။
ဆေးရုံဝင်းထဲ ရောက်လို့ ကားပေါ်ကအဆင်း မောင့်မေမေတို့ မိသားစုတွေ ရေးကြီးသုတ်ပြာနဲ့ သွားတာ လှမ်းမြင်လိုက်တော့ အတော်လေးလှမ်းနေတော့ မခေါ်တော့ပဲ သူမ နောက်ကနေပဲ လိုက်လာခဲ့တယ်။ သူမလဲ သူမ မင်္ဂလာပွဲပြီးကတည်းက မတွေ့ဖြစ်၊ မဆုံဖြစ်တဲ့ မောင့်မေမေကို နှုတ်ဆက်ချင်တဲ့စိတ်နဲ့ သူမ ဘာကိုမှ မစဉ်းစားပဲ နောက်က လိုက်လာခဲ့တယ်။
သူတို့ ဆေးရုံ အဆောင်တစ်ခုကို ဝင်သွားပေမဲ့ သူမ ဘယ်အဆောင်မှန်း သတိမမူမိဘူး။ သူတို့ ဝင်သွားတဲ့ အခန်းတစ်ခုရှေ့ရောက်တော့ သူမ လှမ်းတွေ့လိုက်တာက အခန်းထဲက သူမ ဓါတ်ပုံတွေ ထည့်ထားတဲ့ Photo Stand တွေ။ သူမကို ဘယ်အချိန်တုန်းက ရိုက်ထားတယ်မှန်း သူမတောင် မသိတဲ့ပုံတွေ။ မင်္ဂလာဆောင်တုန်းက ပုံတွေ။
ကုတင်ပေါ်က လူနာရှင်ကတော့ သူမရင်ကို ဆုတ်ကိုင် ဆို့နင့်စေတဲ့ သူမရဲ့မောင်။
သူမကို ပစ်ထားခဲ့တဲ့ မောင်။
သူမကို တစက်ကလေးမှ အသိမပေး ပျောက်ခင်းမလှ ပျောက်သွားတဲ့မောင်။
စောင်ဖြူဖြူ၊ အိပ်ရာခင်းဖြူဖြူပေါ်မှာ သွေးဖြူဆုပ် ဖျော့တော့နေတဲ့ မျက်နှာနဲ့ အသက်ကို အားကုန် ရှူရှိုက်နေရတဲ့ သူမရဲ့မောင်။
သူမ ဘာလုပ်ရမလဲ... သူမ ငိုဖို့လဲ မေ့လျော့နေတယ်။ သူမ ပတ်ဝန်းကျင်က လူတွေကိုလဲ သူမ မမြင်ပါ။ သူမ ရင်ကို နာကျင်စေတဲ့၊ သူမ အသည်းနှလုံးကို တစစီ ဆွဲဆုတ်သလို ခံစားစေတဲ့ မြင်လိုက်ရတဲ့ မောင့်ပုံရိပ်ကိုသာ သူမ မယုံကြည်နိုင်လောက်အောင်ကို ငေးစိုက်ကြည့်နေမိတယ်။ အဲ့ဒီခဏ၊ တကယ့်မှ ခဏလေးပါပဲ...မောင့်ရဲ့ နောက်ဆုံး ထွက်သက် မှုတ်ထုတ်လိုက်တဲ့ ခဏ မောင့်မေမေရဲ့ ငိုကြွေးသံ၊ သူမကို မြင်လိုက်လို့ပြောတဲ့ မောင့်မေမေရဲ့ စကားသံတွေ သူမနားထဲ စီရီရီ ဝင်လာတယ်။


မောင်.... ဘာတွေ ဖြစ်ကုန်တာလဲ။
မောင့်မေမေရဲ့ စကားတွေက ကြားတချက် မကြားတချက်...
“သမီးလေး သတိထားပါ။ သမီးရေ... ငိုချင်ရင် ငိုလိုက်နော်...”
“သမီးကို ညီညီက သိပ်တွေ့ချင်ရှာတာ၊ ဒါပေမဲ့ သမီးဘဝကို သူ မနစ်မွန်းစေချင်ခဲ့ဘူး။”
“သူ့မှာ သွေးကင်ဆာဖြစ်မှန်း သိတဲ့အချိန်က စလို့ သမီး သူ့အနားမှာ နေလို့ နစ်မွန်းမဲ့ အချိန်တွေ၊ ဘာမှ မလုပ်နိုင်လို့ နာကျင်ရမဲ့အချိန်တွေကို သူ မမြင်ချင်ဘူးတဲ့ သမီးရေ... အဲဒါကြောင့် အန်တီတို့ တအိမ်လုံး သမီးကို မပြောပြပဲ မျိုသိပ်ခဲ့ရတာပါ... သမီးရေ”
“သမီး ဓါတ်ပုံတွေကို ညီညီ့အတွက် သမီးမသိအောင် ရိုက်ပြီး ပေးထားတာပါ”
မောင်ရေ..... အတ္တကြီးလှချည်လားဟင်။
သူမ ရင်တခုလုံး ဗြောင်းဆန် နုံးချိ ခံရခက်လိုက်တာ... မောင်ရေ... မောင် ဘယ်လောက်တောင် ခံစားခဲ့ရမလဲ။
သူမ ငိုဖို့ မေ့နေခဲ့တယ်။ သေချာတာက သူမ မငိုနိုင်လောက်အောင်ကို ရင်အစုံကို လုံးခြေထားသလိုကို နာကျင်တယ် ဆိုတာပဲ။
အပိုင်း (၅)
သူနဲ့ သူမ ဘဝရဲ့ ပြဇာတ်မှာ သူမ အဆုံးသတ်ပိုင်ခွင့်ရှိရင် သူ သူ့ရောဂါ အခြေအနေကို မသိခင် သူမတို့ ပျော်ရွှင်ခဲ့တဲ့ အချိန်မှာ သူမ အပြီးတိုင် ဇာတ်သိမ်းချင်တဲ့ ဆန္ဒလေး တစ်စုံလိုချင်တယ် မောင်ရေ။

အတွေး (၁)





ဒီရေ...
ဒီရေ ဆိုတာ အတက်အကျရှိတယ်...
အတက်ရှိပြီး အကျရှိတယ်ဆိုတာ သဘာဝ တရားပေါ့...
သဘာဝတရားဆိုတာ အမြဲတမ်း အမှန်တရား...
အမြဲတမ်းမှန်တဲ့ အတွက် လက်ခံကြရတယ်။
စိတ်အလျဉ်...
စိတ်အလျဉ်ဆိုတာ အတက်အကျရှိတယ်...
တက်ပြီးကျ၊ ကျပြီးတက်...
ပြောင်းလဲမှု သဘာဝ တရားပေါ့...
ဒါဟာလဲ...
လောကဓမ္မ။
ဒါပေမဲ့
မင်းစိတ်မလျဉ်ကြောင့်...
တပါးသူကို ဘယ်အထိ ထိခိုက်မိပြီလဲ...
မထိခိုက်မိအောင် ကြိုးစားပြီးပြီလား...

2.5.12

ကျိန်စာ


အမှား
ဘဝအတွက် အမှား
နှလုံးသားအတွက် အမှား
အချစ်အတွက် အမှား

နင်ပေးတဲ့
အဆိပ်ရည်ကိုမှ
ချိုတယ်ထင်ခဲ့တဲ့
ငါ့ကိုမှ
ပစ်ထားရက်ခဲ့တဲ့ နင့်အမှား။

စနက်တံဖောက်သလို
ထွက်ကျလာတဲ့
နင့်ပါးစပ်က
စကားကိုမှ
တန်ဖိုးထားခဲ့တဲ့ ငါ့အမှား။

ခုနေတော့
နင့်ဖြစ်တည်မှု
နင့်ကတိစကားတွေ
ငါ့ရင်ဘတ်ထဲ
ငရဲမီးလောင်မြိုက်နေပြီ။

လက်တွေ့ဆန်တဲ့ ငါ
သံသရာအတွက် ဆုမတောင်းဘူးဟာ
ခု လက်ရှိအတွက် နင်ဟာ
ငါ့အမုန်းအတွက် ပေးဆပ်ရစေ
ကျိန်စာတိုက်လိုက်တယ်။

မေသူ
(28 March 2012)

(Photo from Google)

18.4.12

ကိုယ်ပွား



ဘေးပတ်ပတ်လည် အုတ်ချပ် တစ်ချပ်ချင်းစီ ပေါင်းစပ်ကာရံထားတဲ့ ဒီအခန်းလေးက ကိုယ့်ရဲ့ တကိုယ်ထဲ ပိုင်ဆိုင်တဲ့ အခန်း။ အိပ်ခန်းလဲ ဆိုနိုင်တယ်၊ ထမင်းစားခန်းလဲ ဆိုနိုင်သလို၊ စာကြည့်ခန်းလို့လဲ သတ်မှတ်နိုင်တယ်။ ဒီအခန်းထဲမှာ အလုံပိတ်ချောင်ပိတ်မိနေရင် တော်တော့ကို စက်ဆုပ်မုန်းတီးမိမယ်။ ခုတော့ ကျဉ်းကျပ်လာရင် ဖွင့်စရာ ပြတင်းပေါက် ရှိတယ်၊ လွတ်ထွက်သွားချင်ရင် တံခါးပေါက်ရှိတယ်။

ချုပ်ချယ်မှုကင်းတဲ့ ကိုယ့်ဘဝလေးက ကျေနပ်စရာအတိ။

တစ်ခုခုရေးချင်တဲ့ စိတ်ကြောင့် စာကြည့်စာပွဲမှာထိုင်၊ ရေးနေကျ စာအုပ်ကိုယူ၊ ရေးရမှာက စာအုပ်ရဲ့အစ စာမျက်နှာမှာ မဟုတ်တော့ဘူး။ ရေးလာလိုက်တာ စာအုပ်က ထက်ဝက်ကျိုးပေါ့။

တချို့စာမျက်နှာမှာ ကိုယ့်ရဲ့ တနေ့တာ ဘာတွေ လုပ်ခဲ့သလဲဆိုတာတွေကို ရေးထားတယ်။

တချို့မှာတော့ ကိုယ် ဘယ်သူနဲ့ ဆုံခဲ့သလဲ... ဘာတွေ ဗဟုသုတ သူတို့ဆီက ရခဲ့သလဲ၊ ဘာတွေ စိတ်ထဲ အခန့်မသင့်တာတွေ ဖြစ်ခဲ့လဲ ဆိုတာတွေ ရေးမှတ်ထားတယ်။

ကိုယ်ဆုံခဲ့တဲ့ တချို့က စိတ်သဘောထား ပြည့်ဝကြသလို၊ စိတ်သဘောထား အမြင်သေးသိမ်ကျဉ်းမြောင်းတဲ့ သူတွေလဲ ပါတယ်။ သူတို့နဲ့ ထပ်ဆုံစည်းသလို၊ ထပ်လဲ မတွေ့ဖြစ်တော့တဲ့ သူတွေလဲ ဒုနဲ့ ဒေးပေါ့။

တချို့စာမျက်နှာမှာတော့ ကိုယ်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေရှိတယ်၊ ဝမ်းနည်းတဲ့ အချိန်တွေရှိတယ်၊ လွမ်းမောတသတဲ့အချိန်တွေ ရှိတယ်၊ မိဘကျေးဇူးဆပ်ချင်တဲ့ အချိန်တွေရှိတယ်။ ကိုယ့်ရည်မှန်းချက်တွေရှိတယ်။ ကိုယ့်စိတ်ကူးယဉ်မှုတွေကို သူ့ကို ရင်ဖွင့်ထားတယ်။

တကယ်တော့ ဒီစာအုပ်လေးက ကိုယ့်စိတ်၊ ကိုယ့်ဘဝကို အသိဆုံးသော သက်မဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။

ဘယ်လောက်ရင်းနှီးတဲ့ သူငယ်ချင်း၊ လက်တွဲဖော် ဖြစ်ဖြစ် တခါတလေ သူတို့နဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ အချိန်ဆိုတာ ရှိတာပဲလေ။ တကယ်တော့ ဒီမြေဇာပင် စာအုပ်ကလေးက ကိုယ်ဒေါသထွက်တဲ့အချိန်၊ ငိုတဲ့အချိန်၊ ပျော်တဲ့အချိန်တွေမှာ မညည်းမညူပဲ သူ့ရင်ကိုဖွင့်ပြီး ကိုယ့်စကားတွေကိုနားထောင်ပေးခဲ့တယ်။

ပြီးတော့ ဖြစ်ပြီးသမျှ ရေးမှတ်သမျှ ကိုယ့်ဘဝ စိတ်အထွေထွေကို ကိုယ်မြင်နိုင်ပြန်တယ်၊ ကိုယ့်အတွက် ပြင်ဆင်နိုင်ခွင့်ရှိပြန်တယ်။

ဒီနေ့တော့ ကိုယ့်မှာ သူ့ကို ပြောစရာတွေ ရှိနေတယ်။

ဘာအကြောင်းလဲဆိုတော့ သူ့အ​ကြောင်းပေါ့။

သူဆိုတဲ့ ကိုယ့်ရဲ့ ဒိုင်ယာရီလေး အကြောင်းကို ပြောပြချင်တယ်။

ကိုယ်က ကိုယ့်အကြောင်းပဲ တောက်လျှောက်ပြောလာတာ၊ ဒီနေ့တော့ ကိုယ့်အပေါ် အနွံအတာခံတဲ့ သူ့အကြောင်းကိုပဲ သူ့ရင်မှာ ကိုယ်တလုံးချင်း ရေးမှတ်ချင်တယ်။

“မင်းသာ ကိုယ့်ဘဝရဲ့ အဖော်မွန်၊ မင်းရှိနေလို့သာ ကိုယ့်ဘဝရဲ့မမြဲခြင်းတွေ ကိုယ်မျက်မြင်မြင်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ”

နောက်နေ့တွေလဲ ကိုယ့်ရဲ့ဘဝကို နားထောင်ပေးပါဦးလို့ ဆိုပါရစေ ကိုယ့်ရဲ့ ကိုယ်ပွားလေးရေ။

29.3.12

Reader




မေသူ အကြိုက်ဆုံး အလုပ်က ဘာလဲဆိုရင် စာဖတ်တာပါ။ စာအုပ်ပဲဖြစ်ဖြစ်၊ E-Book Reader ပဲ ဖြစ်ဖြစ်၊ အေးအေးလူလူထိုင်ပြီးတော့ စာဖတ်ရတာ ကြိုက်နှစ်သက်ပါတယ်။ ရန်ကုန်မှာသာဆိုရင်တော့ Dream Bed ပေါ်မှာ ဇိမ်ပေါ့။ စာဖတ်ပြီး ဇိမ်ခံရတဲ့ အရသာက ဘာနဲ့မှကို မတူဘူး။ စာဖတ်ပြီးတော့ တွေးမယ်၊ ငါသာဆိုရင်ကော ဘယ်လိုဖြစ်မလဲ စသဖြင့်ပေါ့။ စာဖတ်ပြီးတွေးရတာကလဲ လူကို ယစ်မူးစေတယ်။ ဘာနဲ့မှမတူတဲ့ ယစ်မူးမှု။ ကိုယ့်ကို အမြဲကျေနပ်စေတဲ့ယစ်မူးမှုဖြစ်တယ်လို့ ထင်တယ်။

ပွင့်ပွင့်လင်းလင်းပြောရရင်... စာအုပ်နဲ့ ဖတ်ရတာ ပိုသဘောကျ နှစ်ခြိုက်မိတယ်။ ဒီမှာကတော့ စာအုပ်က ရဖို့မလွယ်ဘူးလေ။ ပြောင်းရရွေ့ရနဲ့ စာအုပ်တွေ သယ်သွားရတာ တယ်လဲ မလွယ်လှပါဘူး။ လက်ဆောင်ရဖူးတဲ့ E-Book Reader နဲ့တော့ အဆင်ပြေနေသေးတယ်။ အွန်လိုင်းကနေလဲ ဖတ်ချင်တဲ့စာအုပ်တွေကို ဆွဲရုံပဲဆိုတော့ အရာရာ အိုခေပေါ့။ သယ်ရလဲ ကရိကထ မများသလို၊ လွယ်ကူပါတယ်။

ခုတလော (ခုတလောတော့လဲ မဟုတ်ပါဘူး... အတော်လေးကြာပါပြီ) စာရေးချင်စိတ်လဲ မရှိဘူး။ စာတွေပဲ ဖတ်ချင်ပါတယ်။

မေသူက ဘလော့တွေလဲ သိပ်မလည်ဖြစ်ပါဘူး။ ဘယ်လည်မတုံး... Google Reader ထဲ အကုန်ထည့်ထားတာ။ :P My Reader is an all-in-one Library. တချို့ဆိုဒ်တွေက ပို့စ်အကုန် Reader ထဲ ဖတ်မရတဲ့အခါမှသာ ဆိုဒ်ထဲ ရောက်မိပါတယ်။ ဥပမာ မမြသွေးနီ ဘလော့ဆိုရင် Reader ထဲ အကုန်ဖတ်လို့ မရပါ။

Google က အတော် ကျေးဇူးတင်စရာကောင်းတယ်။ စာရေးချင်သလား... Document ထဲမှာ အဆင်ကိုပြေလို့။ ဆိုဒ်တွေကိုလဲ Reader ထဲမှာ Subscription လုပ်ထားလို့ ရတယ်။ တစုတစည်းထဲ ဖတ်လို့ရတယ်။ သူငယ်ချင်းတွေနဲ့ Share ချင်သလား... ရတယ်။ မေးလ်ပို့ချင်သေးသလား... အိုခေလို့။ အဲမို့ Reader က ကြိုက်နှစ်သက်ရတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

တခါတလေ Reader ထဲမှာ ပို့စ်တွေ မတက်ရင် တမျိုးကြီးလိုပဲ။ ကိုယ်သာ စာမရေးချင်တာ။ ရေးစရာကို ခေါင်းထဲ မရှိတာလို့ ပြောရင် ပိုမှန်မယ်။ :P သူများတွေ ရေးထားတဲ့ စာတွေကိုတော့ မျှော်တယ်။ ဖတ်လို့လဲ ကောင်းပါတယ်။

အဲမို့ စာတွေများများ ရေးနိုင်ကြပါစေ။

အဲတော့မှ မေသူတို့လဲ ဖတ်စရာတွေ ပေါမယ်။ ^.* သင်ယူစရာတွေ များမယ်။

စာကြွင်း။      ။မေသူလဲ အရင်ရေးထားတဲ့ ကဗျာလိုလိုတွေကို ဖြုတ်ပစ်လိုက်မိတယ်။... :P (ပြန်တင်ဦးမှ)

6.12.11

ပထမဆုံးအကြိမ် စမ်းသပ်ခြင်း

ခေါင်းစဉ်ကြည့်ရုံနဲ့ ဒီကလေးမ ဘာများ စမ်းပြန်တာတုန်းလို့ တွေးထင်ဖွယ်ရှိပါလိမ့်မယ်။

တခြားမဟုတ်ပါ။ မိန်းကလေး ဖြစ်ရတဲ့ ဒုက္ခပေါ်အခြေခံပြီး ပေါ်ပေါက်လာတဲ့ စမ်းသပ်မှုပါ။

စလုံးက မိန်းကလေးတွေကို ကြည့်လိုက်။ တအားလှကြပါတယ်။ မျက်တောင်လေးများက မိုးထိအောင် ကော့ပြီးတော့။ လှရက်နိုင်လိုက်ကြပုံများ။ မိန်းကလေးတွေရဲ့အလှက မျက်လုံးပေါ်တည်နေတယ်ဆိုသလိုပဲ။ မျက်တောင်လေးကကော့၊ မျက်လုံးကာချယ်တွေနဲ့ မျက်လုံးက ပေါ်လွင်ပြီး၊ တချက်အကြည့်ခံရရင်ကို မူးမေ့လဲမတတ်ပါပဲ။

အဲသလို သူများတွေ လှတယ်ဆိုတာ မြင်ရ၊ တွေ့ နေရပြန်လေတော့၊ အနှီ မိန်းကလေးတဦးဖြစ်တဲ့ မေသူဆိုသဟာလဲ မျက်ဝန်းလှလှ ပိုင်ချင်ပြန်တော့တယ်။ နဂိုမျက်လုံးက မှေးမှေး၊ မျက်ရစ်ကမရှိ၊ မျက်တောင်က မျက်ရစ်အောက်ထဲဝင်နေရှာတော့ မျက်တောင်က မကော့နိုင်၊ အဲသလောက် နုံချာတဲ့မျက်လုံးပိုင်ရှင် ဖြစ်တဲ့သူဆိုတော့ ခုခေတ်ကာလ တီထွင်သူတွေကို မတရားကျေးဇူးတင်မိပါတယ်။ ခုခေတ်က အတုတွေလဲ များသကိုးး။ မျက်တောင်တုတော့တပ်မဟေ့လို့ စမ်းသပ်ချင်စိတ် တဖွားဖွား စိတ်ထဲ ရင့်သန်ခဲ့တာ အချိန်လွန်စွာ ကြာမြင့်ခဲ့ပါပြီ။

သို့ ပေမဲ့ အနီးအနား ရှိတဲ့ ညီမ၊ အစ်ကိုတော်များ၏ တရစပ်ထိုးနှက်မှုကြောင့် အကောင်အထည်မပေါ်ဖြစ်ခဲ့လေသမျှ (သူတို့ ကွယ်ရာကျရင်တော့... ဟဲဟဲ အပီပဲ) ... ဂျန်းတင်း (Genting) ဆိုတဲ့ နယ်မြေကို တခြား ကျောင်းတက်ဖော် သူငယ်ချင်းများနဲ့ ခြေဦးလှည့်ခွင့်ရတယ်ဆိုရင်ဖြင့် စမ်းသပ်ဖို့ အခြေအနေပေးလို့ လာပါတော့တယ်။ ဟဲဟဲ...

ဂျန်းတင်းရောက်တယ် ဆိုတာနဲ့ ... ဟိုတယ်အောက်ထပ်မှာရှိတဲ့ Watson က မျက်တောင်တုကို မတန်မတရားဝယ်ခဲ့ရပါသေးတယ်။ သြော် လှချင်တဲ့ မိန်းကလေးဘဝ။ ကုန်ဦးပေါ့ဟေ။ အလွန်သနားစရာကောင်းပါတယ်။

 "အို ဘာဖြစ်သတုန်း စမ်းသပ်တာ ဘယ်လိုဆိုတာ သိရတာပေါ့" လို့ ရဲဆေးတင် မျက်လုံးစုံပိတ် ဝယ်ပစ်လိုက်ပါတယ်။

ဝယ်ပြီးသကာလ ဘုံကျောင်း (Chin Swee Cave Temple) ကို သွားလည်ပတ်ပါတယ်။ သူငယ်ချင်းများနဲ့ ကျိတ်တိုင်ပင်ထားတာက ဘုံကျောင်းမှာ နားနေတုန်းလေး မျက်တောင်တုတပ်မှာပါ။ ထိုကဲ့သို့ လဲ နေရာမရှောင် လှချင်ရှာကြပါတယ်... မိန်းကလေးများ ဘဝပါ။

သူငယ်ချင်းက မျက်တောင် တပ်ပေးရှာပါတယ်။ ပထမဆုံး ခံစားချက်... လုံးဝ သက်တောင့်သက်သာ မရှိပါ။ မျက်လုံးပေါ်မှာ တခုခု ကပ်နေသလိုလို... (တကယ်လဲ ကပ်ထားတာကိုးး)။ မျက်လုံးပေါ်တခုခု မိုးနေသလိုလို (တကယ်လဲ မျက်တောင်ကြီးက မိုးလို့  ... ရှည်လိုက်တဲ့ မျက်တောင်)။ မျက်လုံးက ကြည့်ရတာမကြည်သလိုလို။ ကိုယ်က မျက်လုံးသာမှေးတာ သူများကို မျက်လုံးလေး ပင့်ကာ ဝင့်ကာနဲ့ ကြည့်ချင်သား။ မျက်တောင်ကြီးလဲ တပ်ကော ဟတ်လားးမားးး မျက်လုံးကို ဝင့်ကာ ပင့်ကာ ကြည့်ဖို့ နေနေသာသာ။ နဂို အော်လဂျင်နယ်မျက်လုံးက နှစ်ခါပြန်မှေးသွားသလိုပဲ။

အဲမှာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါတော့တယ်။ RM25 ပေးဝယ်လာတဲ့ မျက်တောင်လဲ ဖြုတ်ပစ်လိုက်ပါတော့တယ်။ လုံးဝမတပ်ချင်တော့ပါ။ မေသူ့ လို လျှပ်ပြာ၊ ပြာလောင်ခတ်နေတဲ့ သူနဲ့ တော့ လုံးဝ အဆင်မပြေရေးချမပြေပါ။ နေရတာလဲ ကျဉ်းကျပ်၊ အမြင်က မကြည်မလင်၊ အခန့် မသင့် မျက်လုံးကို မေ့ပြီးသာ ပွတ်ကြည့် သွားပေရော့ပဲ ကော်ကပ်ထားတာကြီးက ရွဲပလဲ သွားလိုက်မယ်ဖြစ်ချင်း။ အို ... တွေးရဲဘူး။

တစ်ခုတော့ ကောင်းသွားတာပေါ့လေ... အစ်ကိုတော်များ နားညည်းသက်သာသွားရှာကြတာပေါ့။ မေသူ့ မှာတော့ စမ်းသပ်ချင်သမျှ ပိုက်ဆံကုန်သွားတာပဲ အဖတ်တင်တယ်။ တခြားလှတဲ့ မိန်းကလေးတွေကိုပဲ တစိမ့်စိမ့်ကြည့်ပါတော့မယ်လို့ သဓိဌာန်ချလိုက်ပါတော့တယ်။

ချစ်ညီမ၊ အစ်မများလဲ စမ်းသပ်ကြည့်ချင်ရင် စမ်းကြည့်ကြပါ။ (ကိုယ်လဲ နောက်တခေါက်ထပ်စမ်းရင် ကောင်းးးမလားးး)

:P